ဖရန်ကလင် ဒီလာနို ရုစဗဲ့
ဖရန်ကလင် ဒီလာနို ရုဇဗဲ့ (အင်္ဂလိပ်: Franklin Delano Roosevelt; /ˈroʊzəvəlt/; his own pronunciation,[၂] သို့ /ˈroʊzəvɛlt/; ဇန်နဝါရီ ၃၀၊ ၁၈၈၂ – ဧပြီ ၁၂၊ ၁၉၄၅) သည် ၃၂ ဆက်မြောက် အမေရိကန်ပြည်ထောင်စု သမ္မတဖြစ်သည်။ အမေရိကန်သမ္မတသည် နှစ်ကြိမ်ထက်ပို၍ အရွေးမခံရဟူသော အစဉ်အလာတစ်ရပ် ရှိသော်လည်း ရုဇဗဲ့သည် သမ္မတအဖြစ် လေးကြိမ်တိုင်တိုင် အရွေးခံရသဖြင့် သက်တမ်းအရှည်ဆုံးသမ္မတ ဖြစ်ပေသည်။ ရုဇဗဲ့သည် အမေရိကန်နိုင်ငံတွင် အလွန်ဆိုးရွားသော စီးပွားရေးညံ့ဖျင်းမှု ကပ်ဆိုက်ရောက်နေချိန်၌လည်းကောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်၌လည်းကောင်း နိုင်ငံကို ခေါင်းဆောင်ခဲ့ရသူ ဖြစ်သည်။ စီးပွားရေး နာလှန်ထူနိုင်ရန် ရုဇဗဲ့ ချမှတ်သော စီမံကိန်းများ၌ သဘောကွဲလွဲမှု ရှိသည့်နည်းတူ နိုင်ငံခြားရေးဝါဒ၌လည်း သဘောကွဲလွဲမှု ရှိလေသည်။ သို့ရာတွင် သမ္မတရုဇဗဲ့သည် ထူးချွန်သော နိုင်ငံခေါင်းဆောင် ဖြစ်သည်ကိုကား အများက လက်ခံကြသည်။ ဖရန်ကလင် ရုဇဗဲ့သည် ၁၈၈၂ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် နယူးယောက်မြို့၊ ဟိုက်ပတ်၌ ဖွားမြင်၍၊ မိဘများ ဖြစ်သော ဆာရာနှင့် ဂျိမ်းရုဇဗဲ့တို့၏ တစ်ဦးတည်းသောသား ဖြစ်၏။ ၂၆ ဆက်မြောက် အမေရိကန်သမ္မတ သီအိုဒို ရုဇဗဲ့နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ငယ်စဉ်က ဂရော့တန်ကျောင်းတွင် ပညာသင်ကြားပြီးနောက် ဟားဗတ်တက္ကသိုလ်မှ ၁၉ဝ၄ ခုနှစ်၌ ဘွဲ့ရခဲ့သည်။ ထိုနောက် ကိုလမ်ဘီယာ တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်သင်ကြားသည်။ နယူးယောက်မြို့၌ ရှေ့နေလိုက်နေစဉ် နယူးယောက်ပြည်နယ် ဆီးနိတ်လွှတ်တော်သို့ တက်ရန် ဒီမိုကရက်တစ်ပါတီ၏ တိုက်တွန်းချက်အရ ၁၉၁ဝ ပြည့်နှစ်တွင် အရွေးခံရာ အနိုင်ရရှိလေသည်။ ထိုပြည်နယ် ဆီးနိတ်လွှတ်တော်မှာ ရီပတ်ဗလစ်ကင် ပါတီဝင်တို့ ကြီးစိုးရာဌာန ဖြစ်သည်။ သို့ရာတွင် ထို ပြည်နယ်လူထုက ရုစဗဲ့ကို နိုင်ငံရေးခေါင်းဆောင်အဖြစ် ကြည်ညိုလာကြသောကြောင့် သမ္မတအဖြစ် အရွေးခံရမည့် ဝုဒရိုဝီလဆန်အတွက် စည်းရုံးရေးတာဝန် ပေးအပ်ခြင်းခံရလေသည်။ ဝီလဆန် သမ္မတဖြစ်လာသောအခါ ရူးဇဗဲ့ကို ရေတပ်ဆိုင်ရာ လက်ထောက်အတွင်းဝန် ခန့်၏။ ရုဇဗဲ့သည် အမေရိကန်ရေတပ်စခန်းများကို အသစ်ပြုပြင် လိုက်သဖြင့် ပထမကမ္ဘာစစ် ဖြစ်ပွားလာချိန်တွင် အမေရိကန်ရေတပ်သည် ယခင်ကထက် အင်အားတောင့်လျက် ရှိနေခဲ့ သည်။ ဒီမိုကရက်တစ်ပါတီကလည်း ရုဇဗဲ့အား ဒုတိယသမ္မတ ရာထူးအတွက် အရွေးခံရန် ရွေးချယ်ခဲ့သည်။ သို့ရာတွင် ၁၉၂၁ ခုနှစ်၌ သွက်ချာပါဒရောဂါဖြစ်၍ လမ်းမလျှောက်နိုင်ချေ။ ထိုကဲ့သို့သော အဖြစ်ဆိုးနှင့် ကြုံရသော်လည်း ရုဇဗဲ့သည် စိတ်မပျက် အားမလျော့ဘဲ ဂျော်ဂျီယာပြည်နယ်ရှိ ရေပူစမ်းတွင် ရေကူး၍ ခြေထောက်များ သန်စွမ်းလာအောင် ကြိုးစားလေသည်။ ဆင်းရဲနွမ်းပါးသော သွက်ချာပါဒ ရောဂါသည်များ၏ အကျိုးအတွက် ထိုရေပူစမ်းကို အပြီးအပိုင် ဝယ်ယူသည်။ ၁၉၂၄ ခုနှစ်တွင် နိုင်ငံရေးထဲသို့ ပြန်ဝင်ပြီးနောက် ၁၉၂၈ ခုနှစ်၌ နယူးယောက်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခြင်း ခံရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ်နှင့် အကျဉ်းထောင်ပြုပြင်ရေး၊ သက်ကြီး ပင်စင်စံနစ်၊ အလုပ်လက်မဲ့ ထောက်ပံ့ရေး၊ လယ်သမားများ သက်သာချောင်ချိရေး အစရှိသော လူထုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် နယူးယောက်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တစ်ဖန်အရွေးခံရ၏။ ရုဇဗဲ့၏ နိုင်ငံရေး ဆောင်ရွက်ချက်များကို အမေရိကန်ပြည်နယ်အများက ထောက်ခံကြသည်။ ဒီမိုကရက်တစ်ပါတီတွင်း၌လည်း သူ၏ သမစိတ္တ အယူအဆများကြောင့် နာမည်ထင်ရှားလာသည်။ သို့ဖြစ်၍ ၁၉၃၂ ခုနှစ်၌ သမ္မတရာထူးအတွက် သမ္မတဟောင်း ဟားဗတ်ဟူးဗားနှင့် ယှဉ်ပြိုင်အရွေးခံရာတွင် ရုဇဗဲ့ အရွေးခံရလေသည်။ ရုဇဗဲ့ သမ္မတဖြစ်လာသည့်အချိန်တွင် အမေရိကန်နိုင်ငံသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့် ရင်ဆိုင်နေရသည်။ မဲဆွယ်တရား လှည့်ဟောစဉ်က ထိုကပ်ဆိုးကြီးမှ လွတ်မြောက်အောင် ဆောင်ရွက်မည် ဖြစ်သည်သာမက နောင်အခါ၌လည်း ယင်းကဲ့သို့သော ဘေးအန္တရာယ် မတွေ့ကြုံကြစေရန် စီးပွားရေး အကာအကွယ်များကို စီမံပေးမည်ဟူ၍ ကတိပေးခဲ့လေသည်။ ထိုကြောင့် သမ္မတရုဇဗဲ့သည် နယူးဒီးဟု အမည်တွင်သည့် စီမံကိန်းဖြင့် ဘဏ်တိုက်များ အခြေခိုင်မြဲ တည်တံ့ရေး၊ အလုပ်လက်မဲ့များကို ထောက်ပံ့ရေး၊ ပုဂ္ဂလိကပိုင် ပစ္စည်းကို ကာကွယ်ရေးအပြင် စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့တွင် အစိုးရနှင့် ဖက်စပ်ဆောင်ရွက် ခြင်းအားဖြင့် စီမံကိန်းပြု၊ ကြိုးကိုင်ထားသည့် စီးပွားရေးစံနစ်ကို စီစဉ်ခဲ့လေသည်။ သမ္မတရုဇဗဲ့ စီမံကိန်း၏ အခြေခံသဘောမှာ အစိုးရနှင့် လူထုဆက်ဆံရေး မှန်ကန်မှုပင် ဖြစ်၏။ ထိုကြောင့် နိုင်ငံအစိုးရသည် လူထုအကျိုးကို ပြုစုရန် တည်ရှိသည်ဖြစ်၍၊ ထိုရည်ရွယ်ချက်သို့ ရောက်အောင် လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ဆိုလိုသည်။ လူထုသည် သမ္မတရုဇဗဲ့၏ စီမံကိန်းကို နှစ်သက်ထောက်ခံသည့်အနေဖြင့် ၁၉၃၆ ခုနှစ်တွင် သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက် တင်မြှောက်ကြလေသည်။ သူနှင့် ယှဉ်ပြိုင်အရွေးခံဘက်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။ ၁၉၃၈ ခုနှစ်တွင် ဥရောပတိုက်၌ စစ်ဖြစ်ပွားမည့် အခြေ အနေကို ရိပ်စားမိသော သမ္မတရုဇဗဲ့သည် အမေရိကန်နိုင်ငံ ကုန်းတပ်နှင့် ရေတပ်ကို အင်အားတောင့်တင်းအောင် စီမံခန့်ခွဲ လေသည်။ ၁၉၃၉ ခုနှစ်တွင် ဥရောပတိုက်၌ စစ်ဖြစ်ပွားသောအခါ ကွန်ဂရက်လွှတ်တော်က စစ်ထဲသို့ မဝင်လိုသဖြင့် ကြားနေရေးဝါဒကို အက်ဥပဒေများဖြင့် ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ သမ္မတကိုယ်တိုင်ကမူ ဝင်ရိုးတန်းနိုင်ငံများနှင့် စစ်ပြိုင်နေသော နိုင်ငံများကို အထောက်အပံ့ပေးသင့်သည်ဟု ယုံကြည်ခဲ့၏။ ၁၉၄ဝ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီသည် အစဉ်အလာကို ဖျက်၍ ရုဇဗဲ့ကိုပင် သမ္မတအဖြစ် အရွေးခံစေသည်။ ရုဇဗဲ့လည်း သမ္မတအဖြစ် တတိယအကြိမ် ရွေးကောက်တင် မြှောက်ခြင်း ခံရပြန်သည်။ ထိုအချိန်တွင် ဥရောပတိုက် စစ်အန္တရာယ်မှာ ကြီးမားလာပြီဖြစ်ရာ အမေရိကန်နိုင်ငံကလည်း စစ်ပြင်ရလေတော့သည်။ အမေရိကန်အစိုးရနှင့် ဗြိတိသျှအစိုးရတို့ အပြန်အလှန် ကူညီသည့်သဘောဖြင့် ဗြိတိသျှတို့က မိမိ တို့၏ စစ်စခန်းများကို အမေရိကန်သို့ နှစ်ရှည် အငှားစာချုပ်ဖြင့် ပေးအပ်၏။ အမေရိကန်အစိုးရက လက်နက်ခဲယမ်းမီးကျောက်နှင့် ဖျက်သင်္ဘောဟောင်းအစင်း ၅ဝ ကို ဗြိတိသျှတို့ အား ပေး၏။ ထို့ပြင် သမ္မတရုဇဗဲ့သည် ချေး-ငှား စာချုပ်ဖြင့် ဗြိတိသျှနှင့် ယင်း၏မဟာမိတ်နိုင်ငံတို့အား စစ်ပစ္စည်းအထောက်အပံ့ကို ပေးလေသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်လေတပ်သည် ဟာဝိုင်ယီကျွန်း၊ ပုလဲဆိပ်ကမ်းရှိ အမေရိကန်ရေတပ်စခန်းကို ရုတ်တရက် တိုက်ခိုက်သဖြင့် အမေရိကန်နိုင်ငံလည်း စစ်ထဲသို့ ပါဝင်တိုက်ခိုက်လေသည်။ သမ္မတရုဇဗဲ့သည် စစ်အောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုး စား၏။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန် ချာချီနှင့်လည်းကောင်း၊ ရုရှခေါင်းဆောင် စတာလင်နှင့်လည်းကောင်း စစ်ပရိယာယ်နှင့် စပ်လျဉ်း၍ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၁၉၄၄ ခုနှစ် ဇွန်လတွင် မဟာမိတ်စစ်တပ်များသည် ဥရောပတိုက် နော်မန်ဒီကမ်းခြေပေါ်သို့ တက်မိကြလေသည်။ ထိုနှစ်၌ သမ္မတသက်တမ်း ကုန်ဆုံးသော်လည်း ရုဇဗဲ့သည် စစ်ပွဲကို အပြီးတိုင် ကွပ်ကဲလိုသဖြင့် သမ္မတအဖြစ် ထပ်မံ အရွေးခံရာ စတုတ္ထအကြိမ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရုဇဗဲ့သည် ကရိုင်းမီးယား ကျွန်းဆွယ်ရှိ ယော်လကာမြို့၌ ဝင်စတန်ချာချီ၊ စတာလင်တို့နှင့် တွေ့ဆုံပြန်၍ နောင်တွင် ကမ္ဘာ့ကုလသမဂ္ဂဟု အမည်ထင်ရှားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတစ်ခု ဖွဲ့စည်းရေးအတွက် အစပျိုးခဲ့လေသည်။ ထိုအချိန်တွင် သမ္မတရုဇဗဲ့၊ ဗြိတိသျှဝန်ကြီးချုပ်ချာချီနှင့် ရုရှခေါင်းဆောင်ကြီး စတာလင်တို့ကို ကြီးသုံးကြီးဟူ၍ ခေါ်တွင်လျက်ရှိသည်။ သမ္မတရူးဇဗဲ့သည် မဟာမိတ်တပ်များ အောင်ပွဲခံရချိန်ကို မမြင်ရလိုက်ချေ။ ဂျော်ဂျီယာပြည်နယ်၊ ရေပူစမ်းတွင် ခေတ္တ အနားယူနေစဉ် ၁၉၄၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့၌ အနိစ္စ ရောက်လေသည်။ ဒုတိယသမ္မတ ဟယ်ရီ ထရူးမန်းက ထိုနေ့ ၌ပင် သမ္မတရာထူးကို ဆက်ခံသည်။ သမ္မတရုဇဗဲ့၏ လွတ်လပ်မှုလေးချက်သည်လည်းကောင်း၊ ဗြိတိသျှဝန်ကြီးချုပ်နှင့် ပူးတွဲ ကျေညာခဲ့သော အတ္တလန္တိတ်ချာတာသည်လည်းကောင်း လွတ်လပ်သော နိုင်ငံတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ကြပေသည်။ [၃] ကိုးကား
|